မိုးရာသီမှာ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့
မိုးရာသီ၊ သရက်သီးတွေမှည့်တဲ့ ရာသီချိန်ကို ဝမ်းပျက်ဝမ်းလျှော အဖြစ်များတဲ့ ရာသီလို့ ဆိုကြပါတယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ အစားအစာနဲ့ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ဖြစ်ပါတယ်။
သရက်သီးမှည့် ပေါ်ချိန်မှာ ယင်ကောင်တွေလည်း ပေါများတဲ့အတွက် ယင်ကောင်တွေက အညစ်အကြေးတွေပေါ်မှာ နားလိုက်၊ အစားအစာတွေပေါ်မှာ နားလိုက်လုပ်တဲ့အခါ ယင်ကောင်ရဲ့ ခြေထောက်ကနေ သယ်ဆောင်လာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေက အစားအစာတွေကတဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး ကူးစက်တာပါ။
ရေကြီးတဲ့အခါမျိုးမှာ အညစ်အကြေးတွေက မြစ်ချောင်းအင်းအိုင်နဲ့ ကန်တွေထဲကို ဝင်ရောက်တဲ့အတွက် ကျိုချက် သန့်စင်မထားတဲ့ မသန့်ရှင်းတဲ့ရေကတစ်ဆင့်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်နိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အချိန်မီကုသမှု မခံယူရင် အသက်သေဆုံးတဲ့ထိ ဖြစ်နေနိုင်ဆဲပါ။
ဝမ်းပျက်ဝမ်းလျှောတဲ့အခါ…
- ၂၄ နာရီအတွင်းမှာ ဝမ်းအရည်တွေ ၃ ကြိမ်နဲ့ အထက်သွားတာ
- ဝမ်းသွားရင် သွေးစနဲ့ အချွဲတွေ ပါတာ
- ဗိုက်ရစ်ရစ်ပြီး နာတာ
- အန်တာနဲ့
- အဖျားရှိတာတွေ ခံစားရနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရင် အသက်ဆုံးရှုံးနိုင်တာက ရေဓာတ်ဆုံးရှုံးပြီး ကျောက်ကပ်ပျက်စီးတာကြောင့်ပါ။ ဝမ်းသွားတဲ့ အကြိမ်ရေများလာတဲ့အခါ ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ ဓာတ်ဆားတွေ ဆုံးရှုံးလာပါတယ်။
- မျက်တွင်းချိုင့်လာတာ
- လျှာတွေ နှုတ်ခမ်းတွေ ခြောက်လာတာ၊ ရေငတ်တာ
- ကြွက်တက်တာ
- ဆီးနည်းလာတာ
- မောပန်းနုံးချိနေတာ
- ခေါင်းမူးခေါင်းကိုက်တာ
- စိတ်အလိုမကျဖြစ်တာ သို့မဟုတ် ကယောင်ကတမ်း ဖြစ်လာတာ
- သတိလစ်ပြီး ကိုမာဝင်သွားတာနဲ့
- ကျောက်ကပ် ပျက်စီးသွားတာတွေဟာ ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာတွေပါ။
ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေ ရှိလာရင် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အမြန်ဆုံး ပြန်ဖြည့်ပေးဖို့ ဓာတ်ဆားရည်တိုက်ပေးရန် လိုအပ်သလို ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့လည်း လိုပါတယ်။ ဆုံးရှူံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ပေးနိုင်မှာသာ ရေဓာတ်ခမ်းခြောက်မှုကြောင့် အသက်အန္တရာယ် ဖြစ်ခြင်းမှ ကာကွယ်နိုင်ပါမယ်။ အန်နေရင် ခဏနားပြီးမှ တိုက်ပါ။
ဆရာဝန်မှ လိုအပ်ရင် ဓာတ်ဆားတွေကို အကြောမှ သွင်းပေးတာ၊ ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုရင် ပိုသတ်ဆေးပေးတာတွေ လုပ်ပါလိမ့်မယ်။
သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ရောဂါအခံရှိသူတွေနဲ့ ကိုယ်ခံအား မကောင်းတဲ့သူတွေက ရေဓာတ်ဆုံးရှုံးမှုကို ခံနိုင်ရည်နည်းတာမို့ ပိုပြီးဂရုစိုက်ရပါမယ်။
ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်မှာ ပူနွေးပျော့ပြောင်းပြီး အစာကြေလွယ်တာ၊ သန့်ရှင်းတာတွေ စားပါ။ အစာမကြေလွယ်တဲ့ အစာမာတွေ၊ ဝမ်းနူးစာတွေ၊ လမ်းဘေးစာတွေ ရှောင်ပါ။ အရိုးပြုတ်ရည်နဲ့ စွပ်ပြုတ်ပူပူနွေးနွေးလေး သောက်ပေးပါ။
ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ဖရဲသီး၊ သံပုရာသီးတွေ စားပေးတာ၊ အုန်းရည်သောက်တာတွေက ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးရာ ရောက်ပါတယ်။ ကိုယ်ခံအားကောင်းသူတွေက နောက်ဆက်တွဲဆိုးကျိုး မရှိဘဲ ၄၈ နာရီအတွင်း သက်သာနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
- ရေများများ သောက်ပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ သောက်ပါ။
- သန့်ရှင်းတဲ့ ရေနဲ့ အစားအသောက်ကိုသာ သုံးစွဲပါ။
- အာဟာရဖြစ်အောင် စားသောက်ပါ။ ကိုယ်ခံအားကောင်းအောင် အသီးအရွက်တွေ များများစားပါ။
- ရောဂါပိုးတွေ ကာကွယ်နိုင်အောင် Antioxidants နဲ့ Probiotics တွေ များများစားပေးပါ။
- နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အူလမ်းကြောင်းကို လှုံ့ဆော်မယ့် ဆေးရွက်ကြီးနဲ့ ကဖင်းပါတာတွေကို ရှောင်ပါ။
- လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပါ။
မသန့်ရှင်းတဲ့ အစားအစာကို စားတာက ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် အသည်းရောင်အသားဝါ A ပိုးကြောင့် ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့ အစားအစာနဲ့ ရေကိုသာ ဂရုတစိုက်သောက်သုံးခြင်းဖြင့် အဆိုပါရောဂါတွေကို ကာကွယ်ကြရအောင်ပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်